Saturday, April 12, 2014

သင်္ကြန်လူသတ်သမား ခင်ရီ။

သင်္ကြန်လူသတ်သမား ခင်ရီ။

မနက်ဖြန်ဆိုရင် သင်္ကြန်စတော့မယ်၊ လွန်ခဲ့တဲ့ သင်္ကြန်တစ်ခုကိစ္စနဲ့  သေဆုံးခဲ့ရတဲ့သူတစ်ဦးရဲ့  လူသတ်တရားခံ ခင်ရီကို အများပြည်သူ မမေ့ရလေအောင် ပြန်လည် သတိပေး ဖေါ်ပြအပ်ပါတယ်။

သင်္ကြန်ကိစ္စတစ်ခုကြောင့် ခင်ရီရဲ့  သတင်းစာရှင်းလင်းပွဲအတွက် တန်ဆာခံ ဖြစ်ခဲ့ရသူ အပြစ်မရှိတဲ့ ကိုဖြိုးဝေအောင် ကွယ်လွန်ရခြင်းရဲ့  အဓိကတရားခံဟာ ယခု လ၀က ၀န်ကြီး (ယခင် ရဲချူပ်ဟောင်း) ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုမှုနဲ့  ပတ်သက်ပြီး အထောက်အထား ခိုင်လုံမှု မရှိဘဲ မတရားစွပ်စွဲကာ ကိုဖြိုးဝေအောင်ကို ခင်ရီတို့ က ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။ တစ်ဖက်သတ် စစ်ဆေးမှုတွေ ညဉ်းပမ်းနှိပ်စက်မှုတွေနဲ့  ကိုဖြိုးဝေအောင်ကို သေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့ မှာ ထောင်တွင်းကနေ ပြန်လည်လွှတ်မြောက်လာပေမယ့် ညဉ်းပမ်း၊နှိပ်စက်ခံရမှုဒဏ် အကျဉ်းထောင်အတွင်း နေထိုင်ရမှုဒုက္ခတွေရဲ့  ဒဏ်ကြောင့် ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်လာပေမယ့် ကိုယ်ခန္ဓာအောက်ပိုင်းသေပြီး အသည်းကင်ဆာရောဂါဝေဒနာကို ရရှိခံစားခဲ့ရပါတယ်။ အကျဉ်းထောင်က လွတ်လွတ်ခြင်းမှာဘဲ ဒီဝေဒနာဒုက္ခတွေကြောင့် ဆေးရုံတက်ရောက်ကုသနေခဲ့ရပါတယ်။

ကိုဖြိုးဝေအောင်ကို အကျဉ်းထောင်တွင်းကနေ ပြန်လွှတ်ပေးတာဟာ လူသားတစ်ယောက်အတွက် အသက်ရှင်သန်မှု အခြေအနေမကောင်းတော့မှ နောက်ဆုံးအခြေအနေမျိုးကြမှ လက်လွတ်စပယ် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကိုယ်ခန္ဓာအောက်ပိုင်းသေသွားရပြီး အသည်းကင်ဆာဝေဒနာခံစားရလောက်အောင် ခံစားရမှုအပေါ် ကိုဖြိုးဝေအောင်ကို ဖမ်းဆီးနှိပ်စက်ညဉ်းပမ်းပြီး နောက်ဆုံးအခြေအနေကြမှ ပြန်လည်လွှတ်ပေးခဲ့တဲ့သူတွေအနေနဲ့  တကယ်ဆိုရင် ကိုဖြိုးဝေအောင်ရဲ့  နစ်နာခံစားမှုတွေအတွက် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင်ဟာ သင်္ကြန်မဏ္ဍပ်ဗုံးဖေါက်ခွဲမှုတွင် ပါဝင်တယ်ဆိုပြီး စွပ်စွဲခံရကာ ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးလုပ်ကြံဇာတ် သတင်းစာရှင်းလင်းပွဲမှာ သားကောင်ဖြစ်ရရှာသူ ဖြစ်ခဲ့ပါတယ်။

ဒီ သင်္ကြန်မဏ္ဍပ်ဗုံပေါက်ကွဲမှုမှာ ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုအပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌဦးကျော်ငြိမ်း ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း ၊ ရဲမှုးများ ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ နအဖခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့တဲ့ အဖြစ်အပျက်မှာ ခင်ရီအနေနဲ့  အထက်က နအဖလူကြီးများ မျက်နှာတော်ညိုမှာ စိုးရိမ်ပြီး အလျင်အမြန် အမှုကိစ္စပြီးစီးအောင် ဆောင်ရွက်ဖို့  အတွက် တရားခံအတုရှာရာမှာ တန်ဆာခံဖြစ်ရသူကတော့ အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင် ဖြစ်ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကို သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများ အပြားထိခိုက်တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းကြားထိခိုက်မှုများတာကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့် ရဲချူပ်ခင်ရီရဲ့  ခေါင်းကို ဆင်နင်းတာထက် ပိုဆိုးနေတာကြောင့် ခင်ရီဟာ ကောက်ကျစ်ယုတ်မာစွာနဲ့  အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို တရားခံအဖြစ် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အရင့်အရင်က ဗုံးပေါက်ကွဲမှုတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင်အဖွဲ့စည်းဝင်တွေထိ ပုံတွေနဲ့ အကြောင်းရာက လွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ်၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ ကြေငြာချက်ထုတ်ပြန်ပြီး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ၀ပ်လို့ အော်လိုက်ကြောင်း ၊ ဗုံးပစ်သူတယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစီစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ခင်ရီက အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲလုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့အဖွဲ့များစွာကိုလဲ စွပ်စွဲခဲ့ပါတယ်။ ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော်သတင်းစာရှင်းပွဲကို သေချာလေ့လာကြည့်ရင် ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ်ကျူးလွန်သူ မဟုတ်ဖူးဆိုတာ ထင်ရှားပါတယ်။

ကိုဖြိုးဝေအောင်ဟာ လျှပ်စစ်အင်ဂျင်နီယာဖြစ်ပြီး ဆာကူရာမှာတုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီးလုပ်ပေးမယ်လို့  လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများ သိရှိခဲ့ကြပါတယ်။

ဒီလိုနဲ့  မတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ခံထားရပြီး၊ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ရော ညှင်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပါတယ်။ ရှေ့နေလိုက်ခွင့် မပေး၊ သက်သေပြခွင့် မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ် ။

အာဏာရှင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်ဟာ ခင်ရီတို့ ရဲ့  လုပ်ကြံမှု ညဉ်းပမ်းနှိပ်စက်မှုကြောင့် နောက်ဆုံးမှာ ဒီဒဏ်ရာဒဏ်ချက် ရောဂါဝေးနာနဲ့  ဘ၀တစ်ပါးသို့  ကုးပြောင်းသွားခဲ့ရပါပြီ။

ကိုဖြိုးဝေအောင်ရဲ့  နောင်ဘ၀ဆက်တိုင်းမှာ ဒီလို မတရားစွပ်စွဲခံရသော ညဉ်းပမ်းနှိပ်စက်ခံရသော အကျဉ်းချခံရသော အဖြစ်ဆိုးများမှ ကင်းဝေးပါစေလို့  ဆုတောင်းလိုက်ရပါတယ်၊ ကိုဖြိုးဝေအောင် ကောင်းရာသုံဂတိလားပါစေ။

ကွယ်လွန်သူ ကိုဖြိုးဝေအောင် ကိုယ်စား ပြောချင်တာကတော့ “ကိုဖြိုးဝေအောင် ကွယ်လွန်ရခြင်းရဲ့  အဓိကတရားခံဟာ သင်္ကြန် လူသတ်သမား ခင်ရီ (ယခု လ၀က ၀န်ကြီး) ဖြစ်ပါတယ်”။

သင်္ကြန်လူသတ်သမား …… ခင်ရီ။

(ယခုနှစ်သင်္ကြန်မှာ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာကြပါစေ၊ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေ အကြမ်းဘက်မှုတွေ သင်္ကြန်အချိန်ကာလအတွင်းမှာ ပေါ်ပေါက်လာခဲ့ရင် မိမိတို့  ဆင်ခြင်သုံးသပ်မှုများဖြင့် ရှောင်ရှားနိုင်ကြပြီး ယုတ်မာသော အာဏာရှင်အုပ်စု၏ ထောင်ချောက်အတွင်း မ၀င်ရောက်ကြဖို့  မကျဆင်းမိစေဖို့  သတိအသိတရားနဲ့  ထိန်းသိမ်းကြဖို့ ကိုလည်း ကြိုတင် သတိပေးလိုက်ရပါတယ်)။



No comments: