ပညာရေးဝန်ကြီးနဲ့  သက်ဆိုင်ရာ သိစေဖို့ ။
ပညာရေးဝန်ကြီးနဲ့  သက်ဆိုင်ရာ သိစေဖို့ ။
ဝါသနာ အနစ်နာ စေတနာတည်းဟူသော နာသုံးနာဖြင့် ဆရာတာဝန်ပီသသော ဆရာတစ်ဦးအား စာနာစိတ်မရှိ ဖိအားပေးခြင်းဟာ ဘ၀တစ်ခုကို ထိခိုက်ပျက်ပြားစေနိုင်တယ်ဆိုတာ သက်ဆိုင်သူတွေ သိရှိကြဖို့  ယခုလ ဧပြီလ (၁၅) ရက်နေ့ က ပေးပို့ လာတဲ့ ဆရာတစ်ဦးရဲ့  ရင်ဖွင့်စာကို ဖေါ်ပြလိုက်ရပါတယ်။
ကျွန်တော်ကတော့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကင်းစံပြကျေးရွာ၊ ဝန်းသိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက်တန်းပြဆရာ ဦးကျော်စွာလင်း ဖြစ်ပါတယ်။
ကျွန်တော်ဟာ မိဘများဆုံးပါးပြီးနောက် ကလေးများ၏ ပညာရေးကိုသာ အာရုံစိုက်ကာ ကြိုးစားပေး နေခဲ့ပါသည်။ ကလေးများကို အခမဲ့ အချိန်ပိုသင်ပေးခြင်းအပြင် ကျောင်းမနေနိုင်သူကလေးများကိုလည်း တတ်အားသရွေ့ ကျောင်းထားပေးခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်မှ ဖွင့်လှစ်သောသင်တန်းများကိုလည်း ငြင်းဆန်ခြင်း လုံးဝမရှိဘဲ တက်ရောက်ခဲ့ပါသည်။ ပေးအပ်သော တာဝန်များကိုလည်း မကျေပွန် မရှိရအောင် အထူးကြိုးစားခဲ့ပါသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အခန်းစောင့် တာဝန်ထမ်းဆောင်ပြီးနောက် မုံရွာတက္ကသိုလ်သို့ ၃၀.၃.၂၀၁၄ ရက်နေ့တွင် စာစစ်တာဝန်ထမ်းဆောင်ရန် ထွက်ခွာခဲ့ပါသည်။ အမှန်မှာ ကျွန်တော်၏ အထက်တန်းပြလုပ်သက်မှာ (၁၀) လသာ ရှိပါသေးသည်။ အထက်တန်းပြလုပ်သက် နှစ်နှစ်ပြည့်မှသာ စာစစ်ခေါ်သည်ဟု ကြားဖူးပါသော်လည်း နိုင်ငံတော်၏ လိုအပ်ချက်အရ ကျရာတာဝန်ကို ထမ်းဆောင်ရန် သွားရောက်ခဲ့ပါသည်။
မုံရွာတက္ကသိုလ်သို့ ရောက်လျှင် နဝမတန်းသင်သော ဆရာများကို ပြန်လွှတ်ပါသည်။ သို့သော် ကျွန်တော်သည် ပြန်လွှတ်ခံရန်အတွက် စာရင်းမပေးပဲ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ရာ ယခုလ ဧပြီ (၁၀) ရက်နေ့ တွင် တာဝန်ပြီးဆုံးခဲ့ပါသည်။
မုံရွာတက္ကသိုလ်သို့ စာစစ်သွားရာတွင် လကုန်ရက်ရောက်ရန် တစ်ရက်အလိုဖြစ်သဖြင့် လစာထုတ်မသွားရပါ။ အခြားသူထံမှ ငွေတစ်သိန်းတိတိကို ချေးငှါးခဲ့ရပါသည်။ ယခုပြန်ရောက်လျှင် ရောက်ချင်း မတ်လလစာကို အကြွေးဆပ်လိုက်ရပါတော့သည် ။ ကျွန်တော်၏ လစာမှာ ထောက်ပံ့ကြေး သုံးသောင်းအပါအဝင် စုစုပေါင်းလစာ ၁၀၉၀၀၀ တစ်သိန်းကိုးထောင်ကျပ် ဖြစ်ပါသည်။ ယခုလတွင် ပင်စင်ဖြတ်ငွေ ၂၀၀၀ကျပ် ဖြစ်သဖြင့် လစာငွေ တစ်သိန်းခုနှစ်ထောင်ကျပ် ကျန်ရှိပါသည်။ အကြွေးတစ်သိန်းဆပ်လိုက်ရာ လစာငွေမှာ ၇၀၀၀ခုနှစ်ထောင်ကျပ်သာ ကျန်ရှိပါတော့သည်။ ငွေခုနှစ်ထောင်ကျပ်ဖြင့် ယခုဧပြီတစ်လလုံး မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို ကြံစည်နေဆဲမှာပင် ဝန်သိုမြို့နယ်ပညာရေးမှူးရုံးမှ ဖုန်းဝင်လာပါသည်။
ကျွန်တော့်အား ကသာမြို့သို့ အကသင်တန်းသွားတက်ရန် ပြောကြားခြင်းဖြစ်သည်။ အဆိုပါ အကသင်တန်းအား ဝါသနာပါ၍ တက်ရောက်လိုသူ အလယ်တန်းပြဆရာများသာ သွားရောက်ကြသည်ဟု သိထားပါသည်။ ဝန်းသိုမြို့နယ်မှ အကသင်တန်းသို့ စေလွှတ်ခြင်းခံရသူ လေးယောက်တွင် အထက်တန်းပြဆရာမှာ ကျွန်တော်တစ်ယောက်တည်းသာ ဖြစ်ပါသည်။ အခြားသုံးယောက်မှာ အလယ်တန်းပြများ ဖြစ်ပါသည်။
အကသင်တန်းမှာ ၂၁.၄.၂၀၁၄ ရက်နေ့အရောက်သွားရမည်ဖြစ်သဖြင့် လစာထုတ်ရက်လည်း မဟုတ်သေးပါ။ ကျွန်တော်သည် နိုင်ငံတော်လစာငွေမှ လွှဲ၍ အခြားသောဝင်ငွေမရှိသူ ဖြစ်ပါသည်။ ကျူရှင်သင်ကြားခြင်း မရှိသလို အခြားသောမည်သည့်ဝင်ငွေမှလည်း မရှိသူ ဖြစ်ပါသည်။ ယခု သင်တန်းသွားရမည်ဆိုသောအခါ ကျွန်တော် မည်သည့်ငွေဖြင့် သွားရပါမည်နည်း။ ကြိုတင်လစာထုတ်ယူ၍ မရသူ အစိုးရဝန်ထမ်းကျောင်းဆရာ ကျွန်တော် မည်သို့မှ မကြံစည်တတ်တော့ပါ။
ကျွန်တော်၏အခက်အခဲကို လက်ရှိတာဝန်ထမ်းဆောင်နေသော မြို့နယ်ပညာရေးမှူး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကင်းစံပြ ဆရာကြီးဦးမျိုးဝင်းအား တင်ပြပါသည်။ သို့သော် ကျွန်တော့်ကိုသာ စေလွှတ်နေပါသဖြင့် ကျွန်တော့်မှာ လွန်စွာအခက်ကြုံနေရပါပြီ။ ကျွန်တော်တို့ ဝန်းသိုမြို့နယ်တွင် သင်တန်းစေလွှတ်ရန် အလယ်တန်းပြဆရာများစွာရှိသည့်အပြင် ကသာဒေသခံဆရာများလည်း ရှိပါလိမ့်မည်။ ယခုမူ မုံရွာစာစစ်သွားပြီး ငွေကုန်လူပန်းဖြစ်လာသော ကျွန်တော့်ကိုသာ အတင်းအကျပ်စေလွှတ်နေပါသည်။ အမျိုးမျိုးအဖုံဖုံ တောင်းပန်သော်လည်း မရပါ။
ကျွန်တော်သည် ကျောင်းဆရာဘဝကို အင်မတန်မှ နှစ်သက်မြတ်နိုးခဲ့ပါသည်။ အလယ်တန်းပြဘဝမှ ယခု အထက်တန်းပြဆရာဘဝတိုင်အောင် စေတနာမပါပဲ စာမသင်ခဲ့ဖူးပါ။ လူမျိုးဘာသာမရွေး အမျိုးမျိုးသောကလေးများကို တတ်နိုင်သမျှ ထောက်ပံ့ခဲ့ပါသည်။ ကလေးများ လိုအပ်သော စာအုပ်ဘောပင်များကို ဝယ်လှူခဲ့ပါသည်။ သူဌေးများကဲ့သို့ မလှူနိုင်သော်လည်း လစာထဲမှ ဖဲ့၍ လုပ်ဆောင်ပေးခဲ့ပါသည်။ ဤ၍ဤမျှတိုင်အောင် ကျောင်းဆရာဘဝကို ခုံမင်ပါသည်။ ယခုမူ ပညာရေးလောကကို ကျောခိုင်းစွန့်ခွာရပါတော့မည်။ ကျွန်တော့်အတွက် လစာတိုးပေးရန် မလိုပါ။ တာဝန်ဆက်တိုက်ထမ်းဆောင်ထားသော ဆရာတစ်ယောက်ကို ညှာတာခြင်း မရှိသည့်အတွက် အလွန်ပင် ဝန်ပိရပါသည်။ မည်သည့်အထက်တန်းပြမှ ဤအကသင်တန်းသို့ မပါ။ ကျွန်တော်သာလျှင် ထူးခြားနေရခြင်းပင်လော။
ကျွန်တော့်အား ဖိအားပေးသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ပညာရေးလောကကို ကျောခိုင်းစွန်ခွာဖို့ ဆုံးဖြတ်လိုက်သည်မှာ ကျွန်တော့်အလွန် ဖြစ်ပါမည်လား။ ကျွန်တော် ဝါသနာပါသော ဆရာဘဝကို စွန့်လွှတ်သည့်နေ့တွင် ကျွန်တော်ကိုယ်တိုင်လည်း လူ့လောကတွင် ရှိမနေချင်တော့ပါ။ ဝါသနာကို စွန့်လွှတ်ခြင်းသည် အသက်ကို စွန့်လွှတ်ခြင်းပင်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။
ထို့ကြောင့် အဖန်ငါးရာငါးကမ္ဘာမကလို့ ဘယ်နှစ်ကမ္ဘာပင် ခံရပါစေ။ ကျွန်တော် လူ့လောကတွင် ဆက်လက်မနေလိုတော့ပါ။ ကျောင်းဆရာဘဝကို စွန့်လွှတ်သည့်နေ့သည် ကျွန်တော်အသက်ကုန်သောနေ့ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားပါသည်။ ထို့ပြင် ကျွန်တော် သေဆုံးပြီးပါက ဤကမ္ဘာမပျက်သရွေ့  မကျွတ်မလွတ်ဘဲ သရဲသစ္ဆေဘဝဖြင့် ပြန်လည်ခြောက်လှန့်၍ အနိုင်ယူရပါစေသားဟု ကျိမ်စာဆိုပါသည်။ ဝါသနာကို စွန့်လွှတ်ရသည့်အတွက် ကျွန်တော် ခံစားရသလို ထပ်တူညီခံစားကြရပါစေသား။
ဦီးကျော်စွာလင်း
အထက်တန်းပြ
အ.ထ.က (ခွဲ) ကင်းစံပြ၊
ဝန်းသိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
No comments:
Post a Comment