Monday, July 28, 2014

ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်သန္တာမှ PR စနစ်ကို ပြတ်ပြတ်သာသား ကန့်ကွက်ခြင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၊ တံတားဦးမြို့ နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်သန္တာရဲ့ ပြတ်သားသော PR စနစ်ကို ကန့်ကွက်ခြင်း။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့် -

မနေ့တုန်းက အဆိုတင်သွားတဲ့ အဆိုကို ကန့်ကွက်ဖို့ ပြောသွားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပြောသလိုပါပဲ။

ကျွန်မတို့အနေနဲ့ တိုင်းရင်းသားစည်းလုံးရေး အင်မတန်အရေးကြီးပါတယ်၊ ကျွန်မ တင်ပြလိုပါတယ်။

လွှတ်တော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပါတီအားလုံးနီးပါးက အပြင်းအထန်ကိုပဲ တညီတညွှတ်တည်း ကန့်ကွက်နေကြပါတယ်။ လွှတ်တော်ထဲ မရောက်ရှိကြသေးတဲ့ တိုင်းရင်းသား ပါတီတွေကလည်းပဲ လက်မခံ ကန့်ကွက်ကြောင်း ကြားသိရပါတယ်။
နောက်တချက်က ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးတာသည် နိုင်ငံရဲ့ ဒီမိုကရေစီ အရေးအတွက်လား၊ ပါတီများအတွက်လားဆိုတာကိုလည်းပဲ သေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။
ပါတီစုံဖြစ်ဖို့ဆိုရင်လည်းပဲ အခုလွှတ်တော်ထဲမှာလည်း ပါတီအစုံရှိပါတယ်။

အဲ့ဒီပါတီအစုံကပဲ နိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ရှေးရှုပြီး လက်မခံဘဲ ကန့်ကွက်နေကြတာပါ။ နိုင်ငံရဲ့ ပြောင်းလဲစ ဒီမိုကရေစီ အစမှာ အင်မတန်ရှုပ်ထွေးတဲ့ ဒီလိုပြောင်းလဲတဲ့စနစ်ကို ဆွဲထုတ်ပြီးတော့မှ မြေစမ်းခရမ်းပျိုးရမဲ့ အခြေအနေဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကို ကောက်ကွေ့အောင် လုပ်သလို ဖြစ်ပါလိမ့်မယ်။

ဒီစနစ်ဟာ အမတ်လောင်းများဟာ ဒီမိုကရေစီရဲ့ အခြေခံမူအတိုင်းများဖြစ်တဲ့ ပြည်သူ့ရဲ့ မျက်နှာကို မကြည့်ဘဲ ပါတီရဲ့ နေရာပေးမှုကို ရယူဖို့ပဲကြိုးစားကြပါလိမ့်မယ်။
ကျွန်မအနေနဲ့ အလေးအနက်တင်ပြလိုတာက ကိုယ့်ရဲ့ မဲဆန္ဒနယ် ဒေသခံပြည်သူအများစုရဲ့ ယုံကြည်မှု ထောက်ခံမှုမရှိလို့ ရှုံးသွားတဲ့မဲများ၊ တနည်းအားဖြင့် ပြောရင် ဒေသခံပြည်သူအများစုက လက်မခံတဲ့ကိုယ်စားလှယ်သည် ရှုံးသွားတဲ့ မဲများကို တစ်နိုင်ငံလုံးမှာစု ရှုံးမဲများကို ကောက်သင်းကောက်ပြီး နိုင်ငံကိုဦးဆောင်မဲ့အပိုင်းမှာ ဝင်ထိုင်ခွင့်ပေးတဲ့ ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါရဲ့နဲ့ မျက်နှာပြောင်တိုက်ပြီး ခေါင်းဆောင်များနေရာ ဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများက ကျွန်မတို့ကိုယ်စားလှယ်များကို ဝေဖန်ကြမှာ ဖြစ်ပါတယ်။

အခုလက်ရှိ အခြေအနေမှာလည်းပဲ ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးဖွဲ့အစည်းအဆင့်ဆင့်ကိုလည်းပဲ ကျွန်မတို့ပြည်သူတွေက ရွေးချယ်ခွင့် မရပါဘူး။ တရားစီရင်ရေး မဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။ အခုတခါ ဥပဒေပြုရေးမှာပါ ဒီစနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့် တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘာနိုင်ငံဖြစ်နေပြီဆိုတာ ကမ္ဘာမှာချပြဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။

ဒီမိုကရေစီ နိုင်ငံပါလို့ ကြွေးကြော်ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဒီမိုကရေစနစ်မှာ ကျွန်မတို့တွေအားလုံးဟာ အနိုင်အရှုံးကို ရင်ဆိုင်ရဲရပါလိမ့်မယ်။ ပြည်သူရဲ့ ရွေးချယ်မှုကို သတ္တိရှိရှိ သိက္ခာရှိရှိ လက်ခံရပါလိမ့်မယ်…
အမြဲတမ်းအနိုင် အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာ ရှိမှာ မဟုတ်ပါဘူး။

ကျွန်မတို့ ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ္တိနဲ့ သိက္ခာကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလို မဖုံးကွယ်ပါရစေနဲ့၊ မဖုံးကွယ်ကြပါနဲ့လို့ တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်း အဆိုပြုတင်ပြအပ်ပါတယ်ရှင်။


No comments: