Monday, October 20, 2014

အနုပညာရှင် မဟုတ်တဲ့ အနူပညာရှင် ဖော်လံဖားများ။

အနုပညာရှင် မဟုတ်တဲ့ အနူပညာရှင် ဖော်လံဖားများ။

အာဏာရူးတွေ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်မှာ အာဏာရူးကြီး နေ၀င်းလက်ထက်က စလို့  မဆလခေတ်တစ်လျှောက်၊ န၀တ နအဖခေတ်တစ်လျှောက် ယခု သိန်းစိန်လက်ထက်အထိ အာဏာရှင်တွေအကြိုက် ဖားယားပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့၊ အာဏာရှင်တွေရဲ့  ပြည်သူကို ၀ါဒမှိုင်းတိုက်ခဲ့တဲ့ တေးသီချင်းတွေ ရုပ်ရှင်တွေ သရုပ်ဖေါ်ပြကွက်တွေကို အားကျိုးမာန်တက် စွမ်းဆောင်ပေးခဲ့ကြတဲ့ အာဏာရှင်လက်ကိုင်တုတ် အနုပညာရှင်တွေ ရှိခဲ့ကြပါတယ်။

အာဏာရှင်တွေရဲ့  ၀ါဒဖြန့် ရုပ်ရှင်ကားတွေကို နီးရာဒါး ကြောက်ရလို့ ပါ ဘာဘဲဖြစ်ဖြစ် အနုပညာအရ သရုပ်ဆောင်တာပါ ပြောတာတွေက တကယ်တော့ ဆင်ခြေတွေပါ။ တစ်ကား နှစ်ကားမှာ အခြေအနေအရ ရှောင်ဖယ်လို့  မရလို့  ပါဝင်သရုပ်ဆောင်ရတာပါဆိုလို့ ရှိရင် နားလည်ပေးလို့ ရနိုင်ပေမယ့်၊ ထပ်ခါတလည်းလည်း ပါဝင်သရုပ်ဆောင်နေရုံမက အာဏာရှင်အသိုင်းအသိုင်းနဲ့  အမြဲတန်းလိုလို ပေါင်းဘက်နေတာ ပြည်သူလူထုအကျိုးကျတော့ ရှောင်ဖယ်နေတာ အဲ့ဒီလို အနုပညာရှင်မျိုးကတော့ တမင်သက်သက်ကို အာဏာရှင်ကို ဖော်လံဖားပြီး ကိုယ်ကျိုးအခွင့်အရေးကိုသာ ရယူတဲ့သူမျိုးလို့  သတ်မှတ်ရမှာ ဖြစ်ပြီး ပြည်သူ့ အနုပညာရှင် မဟုတ်ဘဲ အာဏာရှင်ဒေါက်တိုင် အနူပညာရှင်သာ ဖြစ်ကြောင်း သတ်မှတ်ပါတယ်။

အဲ့ဒီလို အာဏာရှင်ကို ဖော်လံဖားတဲ့ အနူပညာရှင်ကို စက်ဆုတ်ရွံရှာစရာပါ။ ပြည်သူလူထုအနေနဲ့ လည်း အားပေးမှု ရပ်ဆိုင်းပြီး ဒဏ်ခတ်ရမှာပါ။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၀ါဒဖြန့် ရုပ်ရှင်ကားကြီးတစ်ခုဖြစ်တဲ့ “ပါပီမ” ဇာတ်ကားမှာလည်း အာဏာရှင်ကို ဖားကြတဲ့သူတွေ အားကြိုးမာန်တက် သရုပ်ဆောင်ပေးခဲ့ရဲ့ ။ နောက်ပြီး “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ဆိုတဲ့ အာဏာရှင်ဝါဒဖြန့် ရုပ်ရှင်ကားကြီးမှာ ပါဝင်ခဲ့ကြလို့  ပြည်သူလူထုကနေ ၀ိုင်းဝန်းရှုတ်ချခဲ့ကြတာကိုလည်း အမှတ်ရှိဟန် မတူပါဖူး။ ဒီအပြင် အာဏာရှင်တွေရဲ့  ၀ါဒဖြန့်  ရုပ်ရှင်ကားကြီးတစ်ခုဖြစ်တဲ့ “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ကားကြီးကို ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေ မှတ်မိကြမယ် ထင်ပါတယ်။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေကို အာဏာရှင်တွေက ပြည်သူလူထုမသိအောင် ခိုးထုတ်လုပ်နေတဲ့ ရွှေဒင်္ဂါးပြားတွေနဲ့  ချီးမြှင့်ခဲ့လေရဲ့ ။

အဲ့ဒီ အနူပညာရှင်များဟာ နိုင်ငံတော်ပွဲ ဘကြီးပွဲ ဘာညာပွဲဆိုရင် အပြေးကလေး ရှေ့ ဆုံးကနေ မခေါ်ခင်ကတည်း ပြေးဘက်လုမတတ် ရောက်နေကြတဲ့သူတွေပါ။ အထူးဧည့်သည်တော်များအဖြစ်သာ ဖတ်ကြားပြီး ပျော်ပါးမြူတူးတဲ့ သိန်းစိန်ရဲ့  သီးသန့်  သင်္ကြန်ပွဲတော်မှာလည်း သူတို့ က ရှေ့ ဆုံးကပါ။

နီးရာဒါး ကြောက်ရပါတယ်ဆိုပြီး အရှက်ကင်းမဲ့စွာ သိက္ခာမရှိစွာနဲ့  မျက်နှာပြောင်တိုက် ပြောနေကြပြီး၊ ကင်းကင်းရှင်းရှင်းနေရင် ရနိုင်ပါရဲ့ သားနဲ့  ကိုယ်တိုင်ကိုက အာဏာရူးအသိုင်းအ၀ိုင်း ဗိုလ်ချူပ်ကြီးများအသိုင်းအ၀ိုင်းထဲမှာ အင်မတန် ၀င်ဆန့် ချင် ပေါင်းဖက်ချင် အရောတ၀င်လုပ်ချင် ရင်းနှီးချင်လွန်းလှတဲ့ အတ္တအကျင့်တွေကြောင့် နေ၀င်းရဲ့  အသိုင်းအ၀ိုင်း၊ သန်းရွှေတို့ ရဲ့  အသိုင်းအ၀ိုင်း သိန်းစိန်တို့ အသိုင်းအ၀ိုင်းမှာ မော်ဖူးခယနေကြတဲ့ အဆိုပါ ဖောက်ပြန်တဲ့ သူတွေလုပ်ရပ်ဟာ ရွံစရာကောင်းလွန်းလို့  အနူပညာရှင်လို့ သာ ခေါ်ရမှာပါ။

“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ပန်းချီစိုးမိုးဆိုတဲ့ ဖားလွန်းလို့  ထပ်ဆင့်အကယ်ဒမီရနေတဲ့ အနူဖားကြီးက ထပ်ပြီး ရိုက်ကူးဖို့  လုပ်နေတဲ့ လုပ်နေတဲ့ “ကွမ်းလုံရက် ၄၀” ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီစဉ်ရိုက်ကူးမှုဆိုပြီး ၀ါဒဖြန့် ပါဦးမယ်။ တပ်မတော်သားတွေကို တစ်လွဲမြှောက်ပေးပြီး တိုင်းရင်းသားညီအကိုချင်း သွေးချောင်းစီးစေတဲ့ ပြည်တွင်းစစ်တွေကို ထပ်မံအားပေးဖို့  လုပ်ပြန်ဦးမယ်၊ ပြည်သူလူထုကို သမိုင်းအမှားတွေ တစ်ဘက်သတ် ဆွဲယူမှုတွေနဲ့  မှိုင်းတိုက်ပါဦးမယ်၊ ငြိမ်းချမ်းရေးကို အကျီးတန်စေတဲ့ လူသတ်ပွဲတွေ အားပေးပါဦးမယ်။ ဒီလိုဘဲ ဇာတ်ညွှန်းရေးသူကလည်း ငြိမ်းမင်းကလည်း အဖားကောင်းလို့  သုံးထပ်ကွမ်းတောင် ဇာတ်ညွှန်းအကယ်ဒမီရခဲ့သူဖြစ်ပြီး ကြယ်စင်မော်ကွန်းမှာလည်း သူပါဘဲ။ ၀တ္ထုကလည်း အရင် ကြယ်စင်မော်ကွန်းက တင်အောင်စိုးပါဘဲ။

ယခု အာဏာရှင်ဝါဒဖြန့်  ရုပ်ရှင်ကြီးဇာတ်ကားကြီးဖြစ်တဲ့ ဒီ “ကွမ်းလုံရက် ၄၀”ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေက ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ သူထူးစံ၊ ဝေဠုကျော်၊ နိုင်းနိုင်း၊ ရဲအောင်၊ မိုးယံဇွန်၊ စိုးရန်အောင်တို့ ပါ။ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ရဲအောင်၊ ဝေဠုကျော်တို့ ဟာ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ဖက်လဲတကင်းရင်းနှီးပြီး အာဏာရှင်တွေရဲ့  ပွဲလမ်းတွေ အခမ်းအနားတွေမှာ အမြဲတန်းလိုလို ရှိနေကြသူတွေပါ။ အာဏာရှင်တွေရဲ့  အလိုကျ ၀ါဒဖြန့် ချီရေးလုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့  လုပ်ပေးနေကြသူတွေပါ။

ပြည်သူလူထုအတွက် အကျိုးမရှိ အာဏာရှင်အတွက်သာ ပေါ်ပေါ်တင်တင် အကျိုးပြုနေကြတဲ့ ဒီလိုဖော်လံဖား အနူပညာရှင်တွေကို ဒဏ်ခတ်တဲ့အနေနဲ့  သူတို့ ပါဝင်တဲ့ ဖြော်ဖြေတဲ့ ရုပ်ရှင် ဂီတ စာပေ အစရှိတာတွေကို သပိတ်မှောက်တဲ့အနေနဲ့  အားပေးခြင်း လုံးဝ မပြုဘဲ ပြည်သူ့ အားနဲ့  ဖယ်ရှားကြဖို့  လိုပါပြီ။ အာဏာရှင်အဆိပ်ပန်းကို ရေလောင်းပေးနေရုံမက မြေသြဇာအဆီပါ ထည့်ပေးနေတဲ့ ပြည်သူ့ သစ္စာဖောက်တွေပါ။

ပြည်သူ့ အကျိုးပြု အနုပညာရှင်ပီသသူများနဲ့  အာဏာရှင်အကျိုးပြု အနူပညာရှင်များအား ခွဲခြားမြင်ကြပါစို့ ။
 
 


 

No comments: