Thursday, November 20, 2014

မုဒိမ်းမှုတွေ များလှချည်လား။

မုဒိမ်းမှုတွေ များလှချည်လား။

ရန်ကုန်တိုင်းဒေသကြီးလို အချက်အခြာကျတဲ့ မြို့ ပြနေရာမှာတောင် တစ်လကို မုဒိမ်းမှု ၁၀ ကြိမ်လောက်ဖြစ်နေတယ်ဆိုတော့ အခြေအနေ အတော်ဆိုးရွားတာဘဲ။ အခြားမြို့ တွေနဲ့  အလှမ်းဝေးတဲ့ နေရာဒေသတွေမှာ ဖြစ်ပွားတာတွေ ဘယ်လိုရှိကြမလည်း။ တစ်နိုင်ငံလုံးဆိုရင် ဘယ်လောက်တောင် မုဒိမ်းမှုတွေ များပြားလိုက်မလည်း။
 
ဆယ်လအတွင်းကို မုဒိမ်းမှုပေါင်း ၁၀၃ ခုရှိပြီး၊ အသက်မပြည့်သေးတဲ့ ၁၆ နှစ်အောက်ကလေးတွေ အဓမ္မကျင့်ခံရတာ ၅၀ ရာခိုင်နှုန်းကျော် ရှိတယ်ဆိုတော့ ငယ်ရွယ်တဲ့ သားသမီး ကလေးငယ်တွေအတွက် အင်မတန် စိုးရိမ်စရာ အခြေအနေပါ။
 
တရားဥပဒေစိုးမိုးရေးနဲ့  ပြည်သူလူထုရဲ့  ဘ၀တွေ လုံခြုံရေးအတွက် အချိန်ပြည့် အကာအကွယ်ပေး စောင့်ရှောက်နေကြရမယ့် ရဲတွေ လုံခြုံရေးအင်အားစုတွေက အခြားသော နိုင်ငံရေးလှုပ်ရှားတွေ မပေါ်ပေါက်အောင် အကြမ်းဘက်နှိမ်နင်းလို့ ရအောင်နဲ့ ဘဲ အလေးထားပြီး အချိန်တွေ ကုန်နေကြသလား။ ရာဇ၀တ်မှုတွေ မများပြားအောင် ကြိုတင်စီမံဆောင်ရွက်တာတွေ၊ ရာဇ၀တ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာတွေ၊ မုဒိမ်းမှု ပပျောက်ရေး စီမံချက်တွေကို လုံးဝအလေးမထားဘဲ လျော့နည်းနေကြသလား။
 
ဒီလောက်တောင် မုဒိမ်းမှုတွေ များပြားပေါ်ပေါက်နေရတဲ့ အခြေခံအကြောင်းရင်းတွေကို သုံးသပ်ဆန်းစစ်ကြည့်ဖို့  အရေးတကြီး လိုအပ်နေပါပြီ။
 
- ကိုယ်ကျင့်စာရိတ္တပျက်ပြားစေဖို့  ဦးတည် လမ်းညွှန်နေကြတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေလို့ ၊
 
- ကာမဆန္ဒကို တွန်းအားပေးနေသော လိင်ပိုင်းဆိုင်ရာ ဖော်ပြမှုတွေ ပေါ်ပေါက်နေလို့ ၊
 
- ရာဇ၀တ်မှုတွေ အလွယ်တကူ ကျူးလွန်နိုင်အောင် အခြေအနေတွေ ပေါ်ပေါက်နေလို့ ၊
 
- မူးယစ်ဆေးဝါးတွေနဲ့  လိင်စိတ်ကြွဆေးတွေ အလွယ်တကူ ၀ယ်ယူသုံးစွဲလို့  ရတဲ့ အနေအထားတွေ ပေါ်ပေါက်နေလို့ ၊
 
- လိင်ပိုင်းဆိုင်ရာ လွဲမှားမှုတွေ မဖြစ်စေဖို့  ကာကွယ်တားဆီး အသိပညာပေးတာတွေ၊ အသက်အရွယ်ပိုင်းဆိုင်ရာ အများမြင်ကွင်းပိုင်းဆိုင်ရာ မသင့်တော်သော ဖြစ်ပျက်မြင်တွေ့ ကြားသိနေမှုတွေကို ကန့် သတ်ပိတ်ပင်တာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မလုပ်ဆောင်လို့ ၊
 
- လိင်ပိုင်းဆိုင်ရာ ရေးသားဖော်ပြနေကြတဲ့ အင်တာနက်စာမျက်နှာတွေကို တားဆီးပိတ်ပင်ရမယ့်အစား၊ အစိုးရအလိုမကျတဲ့ အင်တာနက်စာမျက်နှာများကိုသာ ပိတ်ပင်ပြီး တစ်လွဲလုပ်ဆောင်နေကြတဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ လွဲချော်နေကြလို့ ၊
 
- ပြည်သူလူထုကို လမ်းညွှန်ပြသနေကြတဲ့ အနုပညာပိုင်းဆိုင်ရာ ရုပ်ရှင် ဂီတ စာပေ မော်ဒယ်လုပ်ငန်းတွေမှာ ညစ်ညမ်းသော လိင်ပိုင်းဆိုင်ရာ ပြောဆိုမှုတွေ၊ ရေးသားမှုတွေ၊ ဖြော်ဖြေတင်ဆက်မှုတွေ၊ ရိုက်ကူးပြသမှုတွေ၊ အဖော်အချွတ်တွေ ဦးစားပေး ဖြစ်ပျက်နေလို့ ၊   

- လိင်ပိုင်းဆိုင်ရာ အသားပေးဆောင်ရွက်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကန့် အသတ် အတားအဆီးမရှိဘဲ အားပေးခွင့်ပြုထားကြလို့ ၊
 
အစရှိတဲ့ အခြေခံအကြောင်းရင်းတွေဟာ မုဒိမ်းမှုတွေ များသထက် များလာအောင် ဖန်တီးပေးနေတဲ့ အဓိက အကြောင်းတွေ ဖြစ်တယ်လို့  တစ်ထစ်ချ ဆိုရပါမယ်။
 
မုဒိမ်းမှုတွေ များပြားလာတာနဲ့ အတူ အသက်အန္တရာယ်ထိခိုက်မှုအထိပါ နောက်ဆက်တွဲ ဆိုးရွားမှုတွေပါ ဖြစ်နေပါတယ်။ ဒီလို ရာဇ၀တ်မှုတွေ မုဒိမ်းမှုတွေ များပြားစွာ ပေါ်ပေါက်နေရခြင်းမှာ အဓိက တာဝန်ရှိတာက တိုင်းပြည်ရဲ့  အုပ်ချူပ်ရေးမဏ္ဍိုင်နဲ့  တရားရေးမဏ္ဍိုင်တို့ မှာ တာဝန်ယူနေကြသူတွေ ဖြစ်ပါတယ်။

 အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့  အမျိုးသမီးကောင်းတွေ အပြစ်မဲ့စွာ ခေတ်ပျက်တန်ဆာခံတွေဖြစ်ရတဲ့ သားကောင်တွေဖြစ်ရတဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်စေဖို့  မုဒိမ်းမှုတွေ ဖြစ်ပွားရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြပါ၊ တားဆီးဟန့် တား ထိရောက်စွာ အရေးယူဆောင်ရွက်ကြပါ။
 
 
 

No comments: