Sunday, February 1, 2015

စာမေးပွဲနဲ့  ပညာရေးစနစ် ဘယ်ဟာ ပိုအရေးကြီးသလည်း။

သိန်းစိန်ရဲ့  ရေဒီယို မိန့်ခွန်းထဲမှာ ကျောင်းသားတွေ စာမေးပွဲကျင်းပဖို့ ရက်နီးကပ်နေပြီဖြစ်လို့ ကျောင်းသားတွေအနေနဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို မြန်မြန်ညှိနှိုင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းပြောတာနဲ့  ပတ်သက်လို့  ပြန်ပြီး ပြောချင်တာက -

ပြည်သူ့ လူထုရဲ့  သားသမီးရင်သွေးတွေရဲ့  ယနေ့ လက်ရှိခေတ်ရော နောင်အနာဂတ်ခေတ်သစ်တွေမှာရော အသက်သွေးကြောဖြစ်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ က လက်ရှိ ပညာရေးစနစ်ရဲ့  နှစ်ပေါင်းများစွာကတည်းက ဆွေးမြေ့ နေတဲ့ ဆေးဆိုးပန်းရိုက် ကြက်တူရွေးနှုတ်တိုက်ကျက် ဤသည်မရွေး ရေးချနေရတဲ့ ဆိုးရွားနေတဲ့ စာမေးပွဲထက် ပိုပြီး အရေးကြီးပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနောက်ပိုင်း နှစ်ရှည်လများ ကျောင်းတွေ ပိတ်ထားခဲ့တာတွေ၊ သိန်းစိန်တို့  အာဏာရှင်တို့ ရဲ့  သက်တမ်းရှည်ရေး ဖန်တီးမှုတွေ ၀ါ.ဖြန့် ချီရေးလုပ်ဆောင်မှုတွေမှာ ကျောင်းသူကျောင်းသားတွေကို စာသင်ခန်းထဲကနေ လမ်းမပေါ် ခေါ်ထုတ် အတင်းအဓမ္မ ဖိအားပေးခိုင်းစေခဲ့တာတွေကြောင့် စာသင်ချိန်တွေ စာသင်ကြားမှုတွေ ထိခိုက်ခဲ့ရတာတွေ၊ စာမေးပွဲမေးခွန်းတွေ မှားလို့  ဆိုပြီး ထပ်မံဖြေဆိုခိုင်းခဲ့တဲ့ ထင်ရာစိုင်းပညာရေး လုပ်ရပ်တွေ၊ ဒေသကောလိပ်စနစ်၊ ၀ိဇ္ဖာ သိပ္ပံစနစ်၊ ဆယ်တန်း က ခ စနစ်၊ အခြေခံပညာအဆင့်မြင့်တန်းစနစ်၊ ၁၂ တန်းစနစ်တို့  ဆိုတဲ့ အစိုးရတစ်ရပ်ပြောင်းတိုင်း ပညာရေးဝန်ကြီးတစ်ဦး ပြောင်းတိုင်း ရွှေဘော်တောကျ ပုတ်သင်ညဲိခေါင်းညိမ့်နဲ့  အစမ်းသပ်ခံပညာရေးစနစ်တွေကြောင့် ကျောင်းသူကျောင်းသားတွေရဲ့  ပညာရေး ထိခိုက်နစ်နာရတာတွေကိုကြတော့ ဘာမှ မပြော၊ ရက် ၆၀ အတွင်း အအတစ်ယောက်လို နှုတ်ပိတ်နေတဲ့ သိန်းစိန်တစ်ယောက် အခုမှ လာပြီး တိုက်တွန်းသလိုလို ခြိမ်းခြောက်သလိုလိုနဲ့  ပြောနေတယ်။

စာမေးပွဲကျင်းပဖို့ ရက်နီးကပ်နေပြီဖြစ်လို့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို မြန်မြန်ညှိနှိုင်းလုပ်ဆောင်ကြရမှာ ကျောင်းသားတွေ မဟုတ်ဖူး။ သိန်းစိန်တို့ အနေနဲ့ သာ ကျောင်းသားတွေရဲ့  တောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန် လိုက်လျောပေးရမှာ။

ကျွန်ပညာရေးစနစ်အောက်က စာမေးပွဲဖြေဆိုအောင်မြင်ရဖို့ ထက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးက ပိုပြီးအရေးကြီးတယ် အဓိကအရင်လုပ်ကြရမယ်ဆိုတာကို ကျောင်းသူကျောင်းသားတိုင်း သဘောပေါက်နားလည်နေကြပြီ။

No comments: