Tuesday, March 24, 2015

တပ်မတော်သားတွေရဲ့ တာဝန်က ဘာလည်းဆိုတာ မင်းအောင်လှိုင် သိစေဖို့ ။

ကာချုပ် မင်းအောင်လှိုင် (မအလ) က “တပ်မတော်သားအမတ်တွေကို ပြည်သူလူထုက လက်ခံနေပါတယ်” လို့  ပြောလိုက်တာဟာ ပြည်သူလူထုတစ်ရပ်လုံးကို စော်ကားလိုက်ရုံမက၊ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သားအမတ်တွေ လွှတ်တော်ထဲမှာ အပိုလူတွေဖြစ်နေတာ တိုင်းပြည်ရဲ့  အုပ်ချုပ်ရေး၊ စီးပွားရေး ကျန်းမာရေး ပညာရေး လူမှုဖူလုံရေး အစရှိတဲ့ နိုင်ငံအတွက် အရေးကြီးသော ကဏ္ဍရပ်တွေအတွက် အရည်အချင်းအပြည့်နဲ့  စွမ်းဆောင်ပေးနိုင်မယ့် ပြည်သူ ရွေးကောက်ခံ အတတ်ပညာ အသိပညာရှင် အရပ်သားအမတ်တွေနေရာ ဆုံးရှုံးနေရတယ်ဆိုတာ နားမလည်ဘဲ ပြောလိုက်တာ...ပါဘဲ။

 မကြာခင် မတ်လ ၂၇ ရက်နေ့ မှာ ကျရောက်မယ့် “တော်လှန်ရေးနေ့ ” (စစ်အာဏာရှင်များ ပြောင်းလဲခေါ်ဆိုနေတဲ့ တပ်မတော်နေ့ ) တစ်နေ့ ဖြစ်ခဲ့တဲ့ ၁၉၈၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ တုန်းက ကျင်းပခဲ့တဲ့ (၄၄) နှစ်မြောက် တော်လှန်ရေးနေ့  စစ်ရေးပြအခမ်းအနားမှာ န၀တဥက္ကဌလည်းဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင် ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားထဲက အဓိကကျတဲ့ ပြောကြားချက်ကို နလဗိန်းတုံး မင်းအောင်လှိုင် ကြားသိရအောင် ထပ်မံဖော်ပြလိုက်ရပါတယ်။

“၁၉၉၀ ခုနှစ်၊ မေလမှာ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ ဆန္ဒနဲ့  ရွေးချယ်ခဲ့တဲ့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့ အညီ ရွေးချယ်တင်မြောက်ပေမယ့် အစိုးရသစ်ပေါ်ပေါက်လာတဲ့အခါမှာ တပ်မတော်သားတွေအဖို့  စစ်တန်းလျားကို ပြန်သွားပြီး မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေးတာဝန်ကို ပြန်လည်ဆောင်ရွက်ကြဖို့  ဖြစ်တယ်” - လို့  ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစောမောင်က ပြောဆိုခဲ့တဲ့ မိန့် ကြားချက်ဘဲ ဖြစ်တယ်။

တပ်မတော်သားဆိုတာ တိုင်းပြည်ရဲ့  ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်ရမှာပါ။ နိုင်ငံရဲ့  အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ချင်ရင် စစ်တပ်ထဲက ထွက်လိုက်ပြီး ပြည်သူလူထုက ရွေးချယ်တင်မြောက်မှုကို ခံယူပါ။

ပြည်သူ့ လွှတ်တော်ထဲမှာ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေကို ရယူပြီး စစ်ယူနီဖောင်းကြီးတွေ ၀တ်၊ မင်းအောင်လှိုင် အမိန့် ပေးသမျှ လက်ညိုးထောင် ခေါင်းငြိမ့်၊ အဆီအဆိမ့်တွေနဲ့  မူးရစ်ပြီး ငိုက်မြီးနေကြတဲ့၊ ကျောက်ရုပ် စစ်အမတ်တွေကို ပြည်သူလူထုက မြင်ချင်ကြည့်ချင်စိတ်ကို အလျဉ်းမရှိပါဖူး။

သေသေချာချာ မှတ်ထားပါ၊ တပ်မတော်သားတွေဆိုတာ စစ်တန်းလျားမှာ နေပြီး တိုင်းပြည်ရဲ့  ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်ရမှာ တပ်မတော်သားတွေ တာဝန်ပါ။


No comments: