Sunday, July 26, 2015

တပ်ထဲက အခု ထွက်ကြ။

တပ်ထဲက အခု ထွက်ကြ။

“ဘာကွ ... စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ် ဟုတ်လား၊ လက်တောင်မသုတ်ချင်ဘူး ဟုတ်လား၊ ငါအကုန်ကြားတယ်၊ မင်းတို့ ဝေဘန်နေတာတွေ ... ။

မင်းတို့ ငါအုပ်ချုပ်နေတဲ့ တပ်က ထွက်ကြ၊ ခု ထွက်ကြ အလကားကောင်တွေ၊ မင်းတို့ကို ငါနဲနဲမှ အထင်မကြီးဘူး နွားတွေ၊ ဒို့ရဲဘော်တွေ ယိုးဒယားက ဒီအထိ ရန်သူတွေကို တိုက်လာတာ မှတ်မှတ်ရရ ဘယ်ဝတ်စုံတွေ ဝတ်ပြီး တိုက်ပွဲဝင်ခဲ့သလဲ ပြောကြစမ်း ..... ။ ...

 ဟေ့ တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကျိုက် တိုက်ရရော ဘာဖြစ်သေးလဲကွာ၊ ကိုယ်တုံးလုံးချွတ်တိုက်ရရော ဘာဖြစ်သေးလဲကွာ ပြောကြစမ်း၊ စစ်တိုက် နိုင်ဖို့ အဓိကကွ၊ ခုတော့ မင်းတို့က ကြီးကြီးကျယ်ကျယ် စကားတွေပြောလို့ ... ။

ခုတော့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အချင်းချင်းတောင် မင်းတို့ ပြောပုံ သဘောထားတွေက၊ သစ္စာဖောက်နေတဲ့ အကောင်တွေ အချောင်သမားတွေ .... ။

မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပြစ်ရမယ် ထုတ်ရမယ် မဖြစ်ဘူး ... ။

ဘာလဲကွ ၊ မင်းတို့က ဂျပန်တွေ ကားစီးပြီး အဝတ်ကောင်းဝတ်တာ အားကျလို့လားဟေ၊ မင်းတို့ မှတ်ထား ငါတို့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ၊ ကြည့်လိုက်စမ်း တို့ ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်သင့်ပြီး တဖက်က ငပုတွေက တွေ့ကရာ ဆွဲယူ အနိုင်ကျင့်ချင်တိုင်း ကျင့်ခံနေရတဲ့ဘဝမှာ မင်းတို့ ကောင်တွေက ဇိမ်ခံချင်တယ်၊ ကားသစ်ကြီးတွေ စီးချင်တယ်၊ ဒုက္ခရောက်နေတဲ့ ပြည်သူထက် အခွင့်အရေး ပိုယူချင်တယ်၊ အစားကောင်းတွေ ဖိစားချင်တယ်၊ လူထုက ဝတ်စရာမရှိတဲ့ဘဝမှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေ ဝတ်ချင်တယ်၊ မှတ်ထား ဒီလိုစိတ်မျိုး အမြင်မျိုး အကျင့်မျိုးတွေရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့ ဝေးပါသေးတယ်ကွာ။ ရှက်စရာ သိပ်ကောင်းတယ်။ မင်းတို့ ပြည်သူအတွက် စစ်တိုက်နေတယ်ဆိုတာ အလကားပဲကွ၊ လုံးဝအဓိပ္ပါယ်မရှိဘူး .... ။

အေး ... မှတ်ထား၊ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ကောင် တစ်ယောက်မှ မရှိရဘူး မပါစေရဘူးကွ။ လူထု ငတ်ရင် ငါတို့ အားလုံး ငတ်ရမယ်၊ လူထုဆင်းရဲရင် ဒို့ရဲဘော်အားလုံး ဆင်းရဲရမယ်။ ငါလဲ ဆင်းရဲရမယ်။ ငါတို့ တတွေ တည်ဆောက်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒ ဒီလိုအမိန့်နဲ့ ချီတပ်ဖို့ အရေးကြီးတယ် ..... ။

အခုတော့ မင်းတို့အကောင်တွေကွာ .... သွားကြစမ်း မြန်မြန် ထွက်သွား၊ မင်းတို့ကို ငါဆော်ထည့်မိလိမ့်မယ်”

ဗိုလ်ချုပ်အောင်ဆန်း။

(ဗိုလ်တာရာ ရေးသော “ဗိုလ်ချုပ် ဒေါသထွက်သောနေ့ ” မှ ကောက်နုတ်ချက်) ။


No comments: